Issue 64

ကမ္ဘာအရပ်ရပ်ရှိ စားသောက်ကုန်နှင့် အဖျော်ယမကာ ကုမ္ပဏီများသည် ၄င်းတို့ ၏ဆန်းသစ်ဖန်တီးထား သည့် နောက်ဆုံး ထုတ်ကုန်များကို မေလတွင်ကျင်းပမည့် ၁၄ ကြိမ်မြောက် ThaiFEX-World of Food Asia ပြပွဲကြီးတွင် ပါဝင်ပြသသွားမည်ဖြစ်ပါသည်။

စားသောက်ကုန်နှင့် အဖျော်ယမကာလုပ်ငန်းသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးသောလုပ်ငန်းကဏ္ဍများတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် နိုင်ငံပေါင်း ၂၀၀ ကျော်သို့ စားသောက်ကုန်များကို တင်ပို့ ရောင်းချခဲ့ ရာမှ ၀င်ငွေ ယူအက်စ်ဒေါ်လာ ၂၄ ဘီလျံကျော်ရရှိခဲ့ပါသည်။

ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးငှာန (DITP) နှင့် ထိုင်းကုန်သည်ကြီးများ အသင်းမှ ပူးတွဲကျင်းပမည့် THAIFEX-World of Food Asia 2017 အား ကမ္ဘာအရပ်ရပ်မှ ထုတ်ကုန်များကို ပြသမည့် အာရှ၏ အပြီးပြည့်စုံဆုံး စားသောက်ကုန်နှင့် အဖျော်ယမကာပြပွဲကြီးဖြစ်ရန်၊ လုပ်ငန်းကဏ္ဍကြီး အတွင်းမှ ပြပွဲပြသမည့်သူများ၊ ၀ယ်ယူသူများ၊ ဧည့်သည်များနှင့် ပညာရှင်များကိုဆွဲဆောင်နိုင်သည့် ပြပွဲကြီး ဖြစ်ရန် စီစဉ်ထားသည်။

DITP ၏ညွှန်ကြားရေးမှူးချုပ် Malee Choklumlerd မှ "၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ စားသောက်ကုန်တင်ပို့  ရောင်းချ တဲ့ လုပ်ငန်းက အာဆီယံနိုင်ငံတွေရဲ့ အလယ်မှာ နံပါတ်တစ် နဲ့ ကမ္ဘာမှာ နံပါတ် ၁၂ နေရာတွေမှာ ရပ်တည် နိုင်ခဲ့ တယ်။ ဒါ့အပြင်၊ ထိုင်းနိုင်ငံမှာ စားသောက်ကုန်နဲ့ အဖျော်ယမကာလုပ်ငန်းက မော်တော်ကားနဲ့  အီလက်ထရွန်နစ် လုပ်ငန်းတွေပြီးရင် တတိယအကြီးမားဆုံးလုပ်ငန်းကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ဒီစီးပွားရေး လုပ်ငန်းကဏ္ဍကြီး ရှင်သန်နိုင်ဖို့ အတွက် အဓိကအရေးပါတဲ့ အပြည်ပြည် ဆိုင်ရာကုမ္ပဏီတွေ ကနေ ပြည်တွင်း SME လုပ်ငန်းတွေအထိ စားသောက်ကုန်ထောက်ပံ့ရေးကွင်းဆက်ကြီးအတွက် ရှင်သန်ရာ အိမ်ဖြစ်ပါတယ်။ စားသောက်ကုန်ထုတ်လုပ်သူတွေ အနေနဲ့ ကလည်း သူတို့ ရဲ့ လုပ်ငန်းတွေမှာ နောက်ဆုံး ပေါ်နည်းပညာတွေကို အသုံးပြုနေတာကိုလည်း ကျွန်မတို့  တွေ့ ရှိရပါတယ်" ဟုပြောကြားပါသည်။

ထိုင်းအစိုးရသည် ထိုင်းနိုင်ငံအား စားသောက်ကုန်သုတေသနလုပ်ငန်းနှင့် ပြောင်းလဲဆန်းသစ်မှုများအတွက် ဗဟို အချက်အချာနေရာ ဖြစ်လာစေချင်သည်။ ဤမူသည် ထိုင်းအစိုးရအဖွဲ့ မှ အတည်ပြုထားသည့် "super clusters" မူများမှ မူဝါဒတစ်ခုဖြစ်ပါသည်။ ထို့ ကြောင့်၊ အစိုးရအဖွဲ့ အစည်းများသည် ပြောင်းလဲဆန်းသစ်မှု အတွက် အပြည်ပြည် ဆိုင်ရာ နှင့် ပြည်တွင်းကုမ္ပဏီများအကြားပူးပေါင်းဆောင်ရွက်မှုတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။

ညွှန်ချုပ် Choklumlerd မှ "DITP က စားသောက်ကုန်လုပ်ငန်းဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ထိုင်းကုမ္ပဏီတွေ ကို ကြိုးစားလုပ်ဆောင်ကြဖို့ တိုက်တွန်းအားပေးနေတာနဲ့ တစ်ပြိုင်နက်တည်း အပြည်ပြည်ဆိုင်ရာ ထိပ်တန်း ကုမ္ပဏီကြီးတွေကို ပြောင်းလဲဆန်း သစ်မှုကဏ္ဍအတွက်ထိုင်းနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်ကြဖို့ အတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် ဒီနှစ်မှာ ပြုလုပ်မဲ့ ThaiFEX ပြပွဲမှာ ပြောင်းလဲဆန်းသစ်ထားတဲ့ နောက်ဆုံးပေါ် စားသောက်ကုန်စည်တွေကို ပြသမဲ့ ပြောင်းလဲ ဆန်းသစ် တဲ့ဇုံကို ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်" ဟုပြောကြားပါသည်။

THAIFEX 2017 ပြပွဲကြီးတွင် အစီအစဉ်မြောက်မြားစွာအား တင်ဆက်ပြသသွားမည်ဖြစ်ပါသည်။ စားဖိုမှူးများမှ ထိုင်းဟင်းလျာနှင့် ပြင်ဆင်တင်ဆက်ပုံများအပေါ် အဓိကအလေးထားမည့် ယှဉ်ပြိုင်မည့် ၆ ကြိမ်မြောက် ထိုင်း နိုင်ငံ စားဖိုမှူးများ၏အဆုံးစွန်စိန်ခေါ်ပွဲ ၂၀၁၇ နှစ် (6th Thailand Ultimate Chef Challenge 2017)၊ စား သောက်ကုန်နှင့် အဖျော်ယမကာ လုပ်ငန်းရှိ အပြည်ပြည်ဆိုင်ရာမှ ဟောပြောသူများ နှင့် စားသောက်ကုန် ဘေးကင်း ရေးဆိုင်ရာ အဖွဲ့  အစည်းများမှ လုပ်ငန်းကဏ္ဍကြီးအတွင်းဖြစ်ပေါ်နေသည့် နောက်ဆုံးအခြေအနေ များအပေါ်သုံးသပ်ဆွေးနွေးမည့် ၅ ကြိမ်မြောက် ကမ္ဘာ့ စားသောက်ကုန်ဘေးကင်းလုံခြုံရေးညီလာခံ (5th World of Food Safety Conference)၊ စားသောက်ကုန် Franchise (လုပ်ငန်းလုပ်ပိုင်ခွင့်ရယူဆောင်ရွက်ခြင်း) လုပ်ငန်းများ အတွက် ဈေးကွက်နှင့် များပြား လာ သည့်အခွင့်အလမ်းများအကြောင်းကိုဟောပြောခြင်းများ ပါဝင် မည့် အာရှ စားသောက်ကုန် Franchise (လုပ်ငန်းလုပ်ပိုင်ခွင့်ရယူဆောင်ရွက်ခြင်း) ဖိုရမ် နှင့် အာရှတစ်လွှားရှိ ကော်ဖီ အဖျော်ဆရာများမှ စုပေါင်း၍ ၄င်းတို့  ၏စွမ်းရည်များကို သရုပ်ပြတင်ဆက်မည့် Celebrity Coffee Bar အစီအစဉ်များပါဝင်မည်ဖြစ်သည်။

၎င်းပြင်၊ DITP မှ် ထိုင်းနိုင်ငံ ဟာလာစားသောက်ကုန်၏ အရည်အသွေးကို ပြသမည့် "Thailand: Producer of the World's Best Quality Halal Food"၊ အသင့်သောက်ဖျော်ရည်များနှင့် ထိုင်းဆေးဖက်ဝင် အပင်များမှ ထုတ်လုပ်ထား သည့် ဗီတာမင်များကို ပြသမည့် Thai Supplement Village နှင့် ဇရာအား တွန်းလှန် ပေးမည့် စားသောက်ကုန်နှင့် အဖျော်ယမကာများ နှင့် လက်တွေ့ အသုံးဝင်သည့်စားသောက်ကုန်များကို ပြသ မည့် 60+ Pavilion များကဲ့သို့ သော ပြပွဲဇုံများကို ပြသသွားမည်ဖြစ်ပါသည်။

ယမန်နှစ်က ပြပွဲတွင် နိုင်ငံပေါင်း ၄၀ မှ ပါဝင်ပြသသူ ၁,၉၁၉ ဦးရှိခဲ့ပြီး စီးပွားရေး ဧည့်သည်ပေါင်း ၄၂,၅၂၈ ဦးမှ ပြပွဲ သို့  စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်ထက် ၂၁ ရာခိုင်နှုန်းပိုခဲ့ပါသည်။ ယခုနှစ်တွင် ပွဲစီစဉ်သူများမှ စီးပွားရေး ဧည့်သည်ဦးရေ ၅၀,၀၀၀ နှင့် ပြည်သူအတွက်ဖွင့်လှစ်ပြသသည့်နေ့ များ တွင် ဧည့်သည်ပေါင်း ၁၀၀,၀၀၀ မှပြပွဲသို့ လာရောက်ကြည့်ရှုရန် မျှော်မှန်းထားပါသည်။

THAIFEX-World of Food Asia 2017 ပြပွဲအား ဘန်ကောက်၊ မွမ်ထုံထနီ (Muang Thong Thani) ရှိ IMPACT ခန်းမတွင် မေလ ၃၁ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့ အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက www.ditp.go.th သို့ မဟုတ် www.thaitradefair.com များသို့ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

365277