Issue 53

CLMVT အတွက် ကွန်ယက်နှင့် ရင်းနှီးမြှပ်နှံမှုများ တိုးတက်များပြားလာစေရေးအတွက် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များ ဇွန်လတွင်ပူးပေါင်းဆွေးနွေးမှုများပြုခဲ့ကြပါသည်။

ကမ္ဘာ့အကြီးမားအကျယ်ပြန့် ဆုံးစီးပွားရေးဈေးကွက်များဖြစ်ကြသည့် အိန္ဒိယနှင့် တရုတ် နိုင်ငံများအကြား တည်ရှိခြင်း၊ ကမ္ဘာ့စီးပွားရေးအခြေအနေနှေးကွေးကျဆင်းနေသည့်တိုင် ၂၀၁၁ ခုနှစ် နှင့် ၂၀၁၄ ခုနှစ်များ အတွင်း ပျမ်းမျှ GDP ၅.၈ % တိုးတက်ခဲ့သည့် CLMVT နိုင်ငံများ (ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာ နှင့် ထိုင်း) သည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ကဏ္ဍများလွယ်ကူချောမွေ့ စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။

ပထမအကြိမ် ကျင်းပသည့် CLMVT Forum 2016 သို့ အာဆီယံ နိုင်ငံများမှ စီးပွားရေး၊ ကုန်သွယ်ရေး၊ စက်မှု လုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှု နှင့် ခရီးသွားလာရေးလုပ်ငန်းများဆိုင်ရာ တာဝန်ရှိ ၀န်ကြီး ၁၅ ဦး စုရုံးတက်ရောက်ခဲ့ကြ ပါသည်။ အစည်းအဝေး၌ အရေးပါသည့် မိန့် ခွန်းများ ပြောကြားခြင်း အပြင် ဘဏ္ဍာရေး ပေါင်းစည်းခြင်း၊ စံနှုန်း နှင့် လုပ်ထုံးလုပ်နည်းများကို ဟန်ချက်ညီစေခြင်းများမှသည် စီးပွားရေးလုပ်ငန်းသစ်များကို ပံ့ပိုးကူညီအားပေး ခြင်း များထိတိုင် အကြောင်းအရာမျိုးစုံကို ဆွေးနွေးနှီးနှောခဲ့ကြပါသည်။

ဇွန်လ ၁၆ ရက်နေ့ က ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ၏၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-o-cha မှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး CLMVT: Prosper Together (CLMVT: အတူတကွ ကြွယ်ဝချမ်းသာခြင်း) ခေါင်းစဉ်ဖြင့် အဓိကမိန့် ခွန်းအား ပြောကြားခဲ့ပါသည်။ ၄င်း၏မိန့် ခွန်းတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု နှင့် ခရီးသွားလာရေးကဏ္ဍများဖွံ့ ဖြိုးတိုးတက်စေမည့် ဒေသတွင်းရှိ အလွန်ကြီးမားကျယ်ပြန့်  သည့်အလားအလာနှင့် အခွင့်အရေးများအကြောင်းကို ရည်ညွှန်းကိုးကားပြောကြားခဲ့ပါသည်။

၎င်းမှ "နိုင်ငံတကာရဲ့  ရင်းနှီးမြှပ်နှံမှု၊ ခရီးသွားလာရေး နဲ့ ထုတ်လုပ်မှုကဏ္ဍတွေရဲ့ ပဓာနကျ တဲ့ ပန်းတိုင်တစ်ခု အဖြစ် ထူးခြားကွဲပြားတဲ့အခန်းကဏ္ဍကနေပါဝင်ဖို့ အတွက် CLMVT ဒေသကိုဖွဲ့ စည်းထားတာပဲဖြစ်ပါတယ်။ ဒေသတွင်းက ဘယ်နိုင်ငံကိုမဆို နောက်ကျကျန်ရစ်မနေစေမယ့်၊ ပူးတွဲပိုင်ဆိုင်တဲ့ ကြွယ်ဝပြည့်စုံမှုတွေ ရေရှည် တည်တံ့ခိုင်မြဲစေမယ့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်တာနဲ့  စီးပွားရေးအဆက်အသွယ်တွေ တိုးပွားလာစေ ဖို့  အတွက် CLMVT အဖွဲ့ ဝင်နိုင်ငံတွေကမျှော်လင့်နေကြပါတယ်" ဟုပြောကြားပါသည်။

"ပုဂ္ဂလိက ကဏ္ဍကလည်း ဒေသတွင်းကြီးပွားတိုးတက်ဖို့ အတွက် အရေးပါတဲ့ အခန်းကဏ္ဍနေ ပါဝင်နေပါ တယ်။ ဒါ့အပြင်၊ အခုဆိုရင် ဧရာဝတီ-ကျောက် ဖုရား-မဲခေါင် စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှု မဟာဗျူဟာ (Ayeyawadi-Chao Phraya-Mekong Economic Cooperation Strategy (ACMECS))၊ ပိုမိုကြီးမားသည့် မဲခေါင်ဒေသခွဲ စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (the Greater Mekong Sub-region Economic Cooperation Programme (GMS))၊ ကဏ္ဍစုံအတွက် ဘင်္ဂလားပင်လယ်အော် ပဏာမခြေလှမ်း (the Bay of Bengal Initiative for Multi-Sectoral)၊ BIMSTEC နည်းပညာနှင့်စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု (Technical and Economic Cooperation BIMSTEC) စတဲ့ အစိုးရကနေ ထုတ်ပြန်ထားတဲ့သဘောတူညီမှုတွေကလည်း စီးပွားရေးလုပ်ငန်းတွေတိုးတက်ကျယ်ပြန့် လာဖို့  အကူအညီ တွေပေးနေပါတယ်။ ထိုင်းအစိုးရနဲ့  CLMV အဖွဲ့ ဝင်နိုင်ငံတွေရဲ့ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီအခွင့်အရေးကို အသုံးချပြီး ပုဂ္ဂလိကနဲ့ အများပြည်သူဆိုင်ရာ ကဏ္ဍနှစ်ရပ်လုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာဖို့ အတွက် ဆောင်ရွက်တာကိုမြင်တွေ့ ချင်ပါတယ်" ဟု ၀န်ကြီးချုပ်မှ ပြောကြားပါသည်။

ဖိုရမ်အား ကုန်သွယ်ရေးဝန်ကြီးငှာနမှ ကြီးမှူး ၍ နိုင်ငံခြားရေးဝန်ကြီးငှာန၊ ခရီးသွားလာရေးနှင့် အားကစား ၀န်ကြီးငှာန၊ ယဉ်ကျေးမှုဝန်ကြီးငှာန၊ စက်မှုဝန်ကြီးငှာန များအပြင် အခြားသောအစိုးရအဖွဲ့ အစည်းများ ပူးပေါင်း ပါဝင်ကျင်းပကြခြင်းဖြစ်ပါသည်။

ကုန်သွယ်ရေးဝန်ကြီး Apiradi Tantraporn မှ "ဒီဖိုရမ်ရဲ့ အဓိကရည်ရွယ်ချက်က ဒေသရဲ့ တူညီတဲ့ရည်ရွယ် ချက် ပန်းတိုင်ဖြစ်တဲ့ ကြွယ်ဝချမ်းသာမှုကိုပူးတွဲပိုင်ဆိုင်နိုင်ဖို့ ၊ အလားအလာကောင်းတွေကို ပေါ်လွင်ထင်ရှား စေ၊ အားနည်းမှုတွေကို ပြုပြင်၊ အခက်အခဲအတားအဆီးတွေကို ဖွင့်လှစ်၊ နယ်စည်းမခြားစီးပွားရေး အသိုက် အ၀န်းကို ဖန်တီးဖို့ ပါ။ ဒါမှ CLMVT က အာရှရဲ့ ကြီးပွားတိုးတက်တဲ့အင်ဂျင်သစ်ကြီး (Asia's New Growth Engine) ဖြစ်လာနိုင်မှာဖြစ်ပါတယ်" ဟုဆိုပါသည်။

Tantraporn မှ "ထိုင်းနိုင်ငံက ပြီးခဲ့တဲ့နှစ်ရဲ့ တိုးတက်နှုန်း ၁၃% နဲ့ နှိုင်းယှဉ်ရင် CLMV နိုင်ငံတွေနဲ့ ကုန်သွယ်မှု ၁၆ % တိုးမြင့်ဆောင်ရွက်ဖို့ အတွက်ရည်ရွယ် ထားပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ ရခဲ့တဲ့ ပို့ ကုန် ကိုလည်း ၁၃% ထိ တိုးမြှင့်ဖို့ အတွက်ဦးတည်ထားပါတယ်။ အခုလက်ရှိမှာ CLMV နိုင်ငံ တွေဆီကို ထိုင်းနိုင်ငံကကုန်ပစ္စည်းတွေတင်ပို့ တဲ့ရာခိုင်နှုန်းက နိုင်ငံရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအားလုံးရဲ့  ၁၀.၄%ရှိနေပါတယ်" ဟုဆိုပါသည်။

အဖွဲ့ ဝင်နိုင်ငံပေါင်းငါးနိုင်ငံနှင့် အခြားနိုင်ငံများမှ မူဝါဒချမှတ်ရေးဆွဲသူများ၊ လုပ်ငန်းရှင်များ၊ စီးပွားရေး ခေါင်းဆောင်များနှင့် ပညာရှင်များမှ စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှုအား တိုးတက်စေရေး၊ "တစ်ခုတည်းသော ချို့  ယွင်းချက်မဲ့ ဒေသ" (single, seamless region) အားဖန်တီးဖော်ဆောင်ရေး နှင့် အီး-ကုန်သွယ်ရေး (e-transactions) နှင့် အီး- ခရီးသွားလာရေး (e-tourism) များပါဝင်သည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံ အား ပံ့ပိုးကူညီရေး အစရှိသည်တို့ ကဲ့သို့ သော စီးပွားရေးဆိုင်ရာချိတ်ဆက်မှုများအကြောင်းကို ပြောဆို ဆွေးနွေး ခဲ့ကြပါ သည်။

CLMVT Forum 2016 အား ဘန်ကောက်ရှိ Dusit Thani ဟိုတယ်တွင် ဇွန်လ ၁၆ ရက်နေ့ မှ ၁၈ ရက်နေ့  အထိပြုလုပ်ကျင်းပခဲ့ပါသည်။

DITP ၏ခွင့်ပြုချက်ဖြင့် သတင်းနှင့် ဓာတ်ပုံများအား ဖော်ပြပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

367221