အသေးစားနှင့်အလတ်စားလုပ်ငန်းစီးပွားရေးလုပ်ငန်းများအဖို့ သင့်တော်သည့်ဆော့ဖ်ဝဲလ်ကို ရွေးချယ်သုံးစွဲနိုင်မှုမှာ မှန်ကန်သည့် လုပ်ငန်းနေရာကို ရွေးချယ်သကဲ့သို့ အရေးပါပါသည်။ အီးအာပီဆော့ဖ်ဝဲလ်ရေးဆွဲထောက်ပံ့သူဖြစ်သည့် နက်တ်ဖို့စ်(Netforce)သည် အဆိုပါဆော့ဖ်ဝဲလ်တို့ကို ၀ယ်ယူသူမှ လက်လှမ်းမီတတ်နိုင်သည့်ဈေးနှုန်းဖြင့် အလွယ်တကူရယူသုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်သွားရန် ရည်မှန်းထားပါသည်။

ဆော့ဖ်ဝဲလ်တွေဟာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုကို ပိုမိုလွယ်ကူစေအောင် ကူညီပေးဖို့ဖြစ်သော်လည်း၊ တစ်ခါတစ်လေမှာတော့လဲ သင့်လုပ်ငန်း အတွက် မှန်ကန်သင့်တော်တဲ့ဆော့ဖ်ဝဲလ်ကို ရှာတွေ့ဖို့ မလွယ်ပြန်ပါဖူး။ အနည်းဆုံးတော့ ဒါဟာ နက်တ်ဖို့စ်လို့အမည်ရတဲ့ လုပ်ငန်းရင်းမြစ်စီမံခန့်ခွဲမှုပရိုဂရမ်[ERP] ဆော့ဖ်ဝဲလ်ထောက်ပံ့ရေးကုမ္ပဏီရဲ့ဒါရိုက်တာဖြစ်သူ ရိုဘီ ဂျင်စင်းရဲ့အမြင်ပါ။

 “ဒီဒေသရှိ အသေးစားနှင့်အလတ်စားလုပ်ငန်းတွေအတွက် သင့်တော်တဲ့ဆော့ဖ်ဝဲလ်ပရိုဂရမ်ရရှိစေဖို့ ကျွန်တော်အမြဲပဲ ဆန္ဒရှိပါတယ်” လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် အခွန်ရှင်းတမ်းဆိုင်ရာတွေမှာ အလွန်တိကျတဲ့တောင်းဆိုမှုသတ်မှတ်ချက်ရှိတယ်လို့ သူက ထပ်လောင်းပြီးပြောပါတယ်။

ထိုင်းနိုင်ငံမှာ တစ်ဆယ့်နှစ်နှစ်လောက်နေထိုင်ခဲ့တဲ့ ဘယ်လဂျီယံနိုင်ငံသားတစ်ယောက်ဟာ သူ့ရဲ့သားဒေးဗစ်မှ တီထွင်တဲ့ဆော့ဖ်ဝဲလ် ပရိုဂရမ်တွေကို ထောက်ပံ့ဖြန့်ဖြူးသွားဖို့ လွန်ခဲ့တဲ့လေးနှစ်က နက်တ်ဖို့စ်ကို တည်ထောင်ခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲလ်တွေကို ကလောက်ဒ် တိမ်တိုက်အပလီကေးရှင်းတွေအဖြစ် လုပ်ဆောင်သွားစေဖို့ ရည်ရွယ်ထုတ်လုပ်ထားပေမယ့်လည်း၊ မိမိရဲ့လုပ်ငန်းမှာ အထိုင်ချထားတဲ့ ဆာဗာတွေအင်စတောလ်လုပ်တပ်ဆင်ပြီးတော့လည်း အလုပ်လုပ်စေနိုင်ပါတယ်။

ကုမ္ပဏီကြီးတွေအတွက် မိမိလိုအပ်ချက်ကိုအတိအကျဖြည့်ဆည်းပေးနိုင်တဲ့ အော်ဒါအပ်ထည်ဆော့ဖ်ဝဲလ်ကို ၀ယ်ယူသုံးစွဲဖို့ တတ်နိုင် ပေမယ့်လည်း၊ ထိုင်းအသေးစားနှင့်အလတ်စားလုပ်ငန်းတွေအတွက်ကတော့ ဘဏ်ဓါးပြတိုက်ရလောက်တဲ့အထိ ကိုယ့်ငွေကြေးကို ခမ်းခြောက်သွားလောက်အောင် ကုန်ကျမှုများတဲ့ဆော့ဖ်ဝဲလ်မျိုးမဟုတ်တဲ့ အလွယ်တကူရယူသုံးစွဲနိုင်တဲ့စနစ်မျိုးကိုသာ လိုအပ်ပါတယ်။ နက်စ်ဖို့စ်ဟာ ဒီလိုကိစ္စမျိုးတွေမှာ ဖြည့်ဆည်းပံ့ပိုးပေးဖို့ ရောက်လာတာပါ။

 “အခြေခံသဘောတရားကတော့ အသေးစားနှင့်အလတ်စားလုပ်ငန်းတွေ ၀ယ်သုံးဖို့တတ်နိုင်တဲ့ ဆော့ဖ်ဝဲလ်တွေကို ဖန်တီးဖို့ပါ” လို့ ဦးဂျင်စင်းမှ ရှင်းပြပါတယ်။ ထိုင်းကုမ္ပဏီ 90% ခန့်ဟာ အသေးစားနှင့်အလတ်စားလုပ်ငန်းများဖြစ်ပါတယ်လို့ သူက ဖြည့်ပြောပါတယ်။ “ဒီကုမ္ပဏီတွေထဲကမှ တော်တော်များများဟာ ဒီလိုအီးအာပီဆော့ဖ်ဝဲလ်တွေကိုတောင် မသုံးကြသေးပါဘူး၊ သူတို့က အက်ဆဲလ်စာရင်း သို့မဟုတ် ၀ါဒ်စာစီစာရိုက်ပရိုဂရမ်တွေကိုပဲ သုံးကြတာပါ။”

နက်တ်ဖို့စ်ဟာ ရိုးရှင်းတဲ့စာရင်းအင်းမော်ဂျုးယူနစ်တစ်ခုကနေ စတင်ခဲ့တာပါ။ ဒါပေမယ့် ယခုအချိန်မှာတော့ နက်တ်ဖို့စ်မှာ “ခင်ဗျား တွေးမြင်ကြည့်နိုင်တဲ့ လုပ်ငန်းလုပ်ဆောင်မှုလိုအပ်ချက်တိုင်းအားလုံးအတွက် ဖြည့်ဆည်းနိုင်နေပါပြီ” လို့ ဦးဂျင်စင်းက ပြောပါတယ်။

ဈေးသိပ်မကြီးတဲ့ဆော့ဖ်ဝဲလ်ရေးသားခကြောင့်တင်သာမဟုတ်ပဲ ပုံမှန်အပ်ဒိတ်ပြုလုပ်မွမ်းမံပေးမှုတို့ဖြင့် နက်တ်ဖို့စ်ဟာ စဉ်ဆက်မပြတ် ပြောင်းလဲဖွံ့ဖြိုးမှုအကျိုးကျေးဇူးများကို ၎င်းရဲ့ဖောက်သည်တွေဆီကို လက်ဆင့်ကမ်းပေးသွားပါတယ်။ “[ပြဿနာတစ်ရပ်အတွက်] ယေဘူယျအဖြေတစ်ခု ကျွန်တော်တို့ရလာတိုင်း ဒါကို ကျွန်တော်တို့အဟုတ်အတကယ်ပဲ စံချိန်မီဆော့ဖ်ဝဲလ်တွေထဲမှာ ထည့်သွင်း ပေးသွားပါတယ်” လို့ ဦးဂျင်စင်းက ပြောပါတယ်။

နက်တ်ဖို့စ်ဟာ ရရှိထားတဲ့သုံးစွဲသူဖောက်သည် 1,000 ကျော်နှင့် ဘာသာစကားကိုးမျိုးနှင့်ရနိုင်တဲ့ ဆော့ဖ်ဝဲလ်ပက်ကေ့ခ်ျတွေဖြင့် ၎င်းရဲ့လုပ်ငန်းမိုဒယ်ပုံစံဟာ အောင်မြင်မှုရတယ်လို့ သက်သေပြနိုင်ခဲ့ပြီးပါပြီ။ ဒီဆော့ဖ်ဝဲလ်တွေကို ကလောက်ဒ်တိမ်တိုက်ကနေ ဆွဲယူအလုပ်လုပ်စေဖို့ သေးငယ်တဲ့ ဆက်သွယ်ရေးလှိုင်းခွင်သာ လိုအပ်တာကြောင့် မြန်မာနိုင်ငံလို တိုင်းပြည်မျိုးတွေကတောင်မှ ရယူအသုံးပြုနိုင်ပါတယ်။

ဦးဂျင်စင်းရဲ့အဆိုအရ ဒီစနစ်ရဲ့အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ လုပ်ငန်းသုံးဆာဗာတစ်ခုချင်းစီမှာ အချက်အလက်တွေကို သိမ်းဆည်းထားတာထက် ကလောက်ဒ်တိမ်တိုက်စနစ်သုံးစွဲခြင်းဖြင့် အချက်အလက်ခိုးယူ(ဟက်ခ်)ခံရမှုအခွင့်အလမ်း အများကြီး ပိုပြီးနည်းသွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ နက်တ်ဖို့စ်ဟာ သတင်းအချက်အလက်တွေကို ဟောင်ကောင်နှင့် စင်ကာပူရှိ အကာအကွယ်ပေးထားတဲ့ ၎င်းရဲ့ပင်မဆာဗာစက်တွေမှာသာ သိမ်းဆည်းထားတာကြောင့်မို့ပါပဲ။

အမှန်မှာ ကလောက်ဒ်တိမ်တိုက်သိမ်းဆည်းမှုဟာ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိတယ်တယ်လို့ ဦးဂျင်စင်းက ယုံကြည်ပါတယ်။ “အွန်လိုင်း ပေါ်မှာဆိုရင် အခွင့်အလမ်းအားသာချက်တွေ အများကြီး ရှိတယ်” လို့သူကပြောပါတယ်။ “လက်ခံတုံ့ပြန်ဆောင်ရွက်ပေးဖို့အသင့်ရှိနေတဲ့ သင့်ရဲ့စားရင်းအင်းဆော့ဖ်ဝဲလ်ဆီကို သင့်ဖုန်းသုံးပြီး ဆက်သွယ်နိုင်တယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာကမဆို ကျွန်တော်ဟာ လုပ်ငန်းအရှုံးအမြတ်စာရင်းကို ကျွန်တော့်ဖုန်းမှာ ကြည့်နိုင်ပါတယ်။”

ထိုင်းနိုင်ငံအတွင်းမှာရှိနေတဲ့ ပြည်ပလုပ်ငန်းရှင်များစွာတို့လိုပဲ ဦးဂျင်စင်းဟာလဲ နှစ်ကုန်မှာ ရဲ့ပေါင်းစည်းဖြစ်တည်လာမယ့် အာဆီယံ စီးပွားရေးအသိုင်းအ၀ိုင်း ခေါ် အေအီးစီ(AEC)ကို စောင့်မျှော်လျက် ရှိပါတယ်။ “အေအီးစီက ကျွန်တော်တို့အတွက် အပေါင်းလက္ခဏာ ပါ” လို့သူကပြောပါတယ် “အေအီးစီထဲအသိုင်းအ၀ိုင်းအတွင်းမှာ ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့စွမ်းဆောင်ရည်ကို တိုးတက်မြှင့်တင်သွားဖို့ ဖိအားတွေအများကြီးနှင့် ရင်ဆိုင်နေရပါတယ်။”

နှစ်ကုန်မှာ 12,000 အသေးနှင့်အလတ်စားလုပ်ငန်းတွေကို သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ(ICT) သင်တန်းပေးဖို့ ထိုင်းအစိုးရရဲ့ လုပ်ဆောင်မှုကို ဦးဂျင်စင်းမှ ကြိုဆိုလိုက်ပါတယ်။ ဒီသင်တန်းပေးခြင်းအားဖြင့် ကုမ္ပဏီတွေအတွက် ပိုကောင်းတဲ့အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ သူက ယုံကြည်ပါတယ်။

 “အစိုးရဟာ အသေးစားနှင့်အလတ်စားလုပ်ငန်းကုမ္ပဏီတွေကို ၎င်းတို့ရဲ့လုပ်ငန်းတွေမှာ နည်းပညာအသုံးပြုမှုကို မြှင့်တင်ကြဖို့ တွန်းအားပေးနေပါတယ်” လို့သူကပြောပါတယ်။ “သူတို့ဟာ အမှန်တကယ်ပဲ အသေးစားနှင့်အလတ်စားလုပ်ငန်းတွေကို ပံ့ပိုးသွားဖို့ ဆန္ဒရှိနေပါတယ်၊ နက်တ်ဖို့စ်ကို တည်ထောင်ဖို့လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ခေါင်းထဲမှာ ဒီအချက်ရှိနေပါတယ်”

စာသားရေးဖွဲ့သူ : မာ့ခ် ဘိဘ်ဘီ ဂျက်ဆင်

 

367265