ဟော်ရီဇွန်ထိုင်းလင်းသတင်းစာစဉ်မှ ပိန်းကီလာ ယောက်ျားဝတ်ဖက်ရှင်အမှတ်တံဆိပ်တည်ထောင်သူ ဒေါ်စီရီအွန် တင်ခါပရစိအား ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံးဒီဇိုင်နာတစ်ယောက်ဖြစ်လာစေခဲ့သည့် သူမ၏စေ့ဆော်မှုတွန်းအားနှင့် လျှောက်လှမ်းခဲ့ရသည့် ခရီးလမ်းကြောင်းကို တွေ့ဆုံမေးမြန်းထားပါသည်။

ကျွန်တော်တို့ကို ပိန်းကီလာရဲ့ဇာတ်လမ်းအကြောင်း ပြောပြပေးပါလား?

ဒီအမှတ်တံဆိပ်ကို 2015 ခုနှစ် ကျွန်မ အက်စမွန်ပါရီကျောင်းရဲ့နောက်ဆုံးနှစ်ရောက်ချိန်မှာ စတင်ထုတ်လုပ်လိုက်တာပါ။ ကျွန်မရဲ့ စုဆောင်းထားမှုကော်လက်ရှင်ပစ္စည်းတိုင်းမှာ သူ့ရဲ့ ဖြစ်တည်လာတဲ့ ဇာတ်လမ်းကိုယ်စီ ရှိနေပါတယ် - စာအုပ်တစ်အုပ်ကနေ ရတာ ဖြစ်ချင်ဖြစ်မယ်၊ ကျွန်မပါရီမှာ စာသင်တုန်းက ရရှိလာတဲ့တိုက်ရိုက်အတွေ့အကြုံ ဖြစ်ချင်ဖြစ်မယ်၊ခရီးသွားရာကနေ အနုပညာပစ္စည်း တစ်ခုကနေ ဒါမှမဟုတ် ယဉ်ကျေးမှုပေါင်းစုံပေါင်းစုလာရာကနေ ရလာတာ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။


ဒီအမှတ်တံဆိပ်ရဲ့ ပင်မ၀ိသေသလက္ခဏာက ဘာလဲဆိုတာ ရှင်းပြပေးပါလား။
ပိန်းကီလာဟာ မီနီမယ်လဇင်ဆိုတဲ့ လိုအပ်သလောက်သာပစ္စည်းထည့်သုံးတဲ့အတွေးအခေါ်နှင့် ရိုမန်တစ်စတိုင်လ်ကိုအခြေခံပြီး စတိုင်လ်ကျတဲ့ဖက်ရှင်အသုံးအဆောင်ကို ကိုယ်စားပြုပါတယ်။ အမှတ်တံဆိပ်က ကျား ဒါမှမဟုတ် မ သိပ်မဆန်စေပဲ အနေတော် လိုအပ်တဲ့ဒီဇိုင်းနှင့်အသေးစိတ်များကိုသာ ထည့်သွင်းထားတာကြောင့် ငြီးငွေ့စရာမဖြစ်စေပဲ နေ့စဉ်ဝတ်ဆင်အသုံးပြုရာမှာ အထူး လိုက်ဖက်ပါတယ်။ ၎င်းဟာ ၀တ်ဆင်သူရဲ့ ခေတ်ဆန်မှုနှင့် မိမိကိုယ်ယုံကြည်စိတ်ချမှုကို တိုးပွားစေနိုင်ပါတယ်။ ပိန်းကီလာဟာ တစ်စိတ်တစ်ပိုင်း-သမားရိုးဟန်ကျအထည်တွေကို တင်ဆက်ဖြန့်ဖြူးပေးနေတာကြောင့် ကျွန်မတို့ရဲ့ ဖောက်သည်ထုအများစုဟာ အိမ်တွင်းအလှဆင်၊ ဗိသုကာနှင့် ကြော်ငြာလိုင်းစတဲ့ အနုပညာလောကထဲကသူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

 

သင်တို့ရဲ့ အဓိကကုန်ပစ္စည်းတင်ပို့တဲ့ဈေးကွက်က ဘာတွေလဲ။
နယူးယောက်ဟာ ကျွန်မတို့ ကုန်ပစ္စည်းတင်ပို့တဲ့ ပထမဦးစားပေးဈေးကွက်ပါ၊ ဒါပေမယ့် အခုလောလာလတ်လတ်အချိန်မှာတော့ ဂျပန်ဟာ ကျွန်မတို့ရဲ့ အကြီးဆုံးဈေးကွက် ဖြစ်လာပါတယ်။ အခြားဈေးကွက်တွေကတော့ စင်ကာပူနှင့်ဟောင်ကောင်မှ ကုန်ပစ္စည်း မှာကြားသူတွေ ရှိပါတယ်။ တရုတ်အ၀ယ်တော်တွေလည်း ကျွန်မတို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားမှုတွေ ပြနေသော်လည်း ပူးပေါင်းဖို့ဆွေးနွေးဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။

 
သင့်ရဲ့အောင်မြင်မှုရဲ့ သော့ချက်ဟာ ဘာလဲဆိုတာ ဝေမျှပြောကြားပေးပါလား။
ပိန်းကီလာရဲ့ အရည်အသွေးနှင့် အသေးစိတ်အချက်များအပေါ်အလေးထားမှုနှင့် စစ်မှန်မှုတွေဟာ ကျွန်မတို့ရဲ့အောင်မြင်မှုသော့ချက် ဖြစ်ပါတယ်။ လူတွေဟာ အခြားသူတွေနှင့်ကွဲပြားတဲ့ ကိုယ်ပန်ဟန်တစ်ခုခုကို ဖော်ထုတ်ရယူချင်တဲ့ဆန္ဒရှိတယ်လို့ ကျွန်မတို့ ယုံကြည်တဲ့ အတွက် ပစ္စည်းတွေကို အများအစားစုပြုံပြီး ကျွန်မတို့ မထုတ်ပါဘူး။ ဆိုင်မှာရှိတဲ့ တစ်ချို့ကော်လက်ရှင်ပစ္စည်းတွေဟာ အရေအတွက် အကန့်အသတ်ရှိ လီမိတက်အက်ဒီရှင်ထုတ်ကုန်များ ဖြစ်ပါတယ်။ ဒီဇိုင်းကောင်းကောင်းအပြင် သမားရိုးကျချုပ်လုပ်မှုနည်းပညာကိုသာ ကျွန်မတို့အသုံးပြုနေပါသေးတယ်။ ကျွန်မတို့ရဲ့ဖောက်သည်တွေဟာ အဆင့်မြင့် အရည်အသွေးရှိပစ္စည်းများကိုသာရရှိကြောင်း သေချာ စေဖို့အတွက် ကျွန်မတို့ရဲ့ အထည်ချုပ်သမားများဟာ အထည်အစိတ်အပိုင်းတိုင်းကို ခိုင်မာမြဲမြံတဲ့ချုပ်ရိုးများဖြင့် ကိုယ်တိုင်ဖြတ်တောက် ချုပ်လုပ်ပါတယ်။
    
ယခုလက်ရှိအချိန်အထိ သင့်ရဲ့ဂုဏ်အယူဆုံးအလုပ်က ဘာလဲ။
2011 ခုနှစ်မှာ စတင်ထုတ်လုပ်မိတ်ဆက်လိုက်တဲ့ ‘ရောင်းရင်း(Best Friend)’ဆိုတဲ့ ကော်လက်ရှင်ပစ္စည်းပါ။ တော်ဝင်နန်းဆက်ဝင် ခုရိ ပရာမို့ခ်ျရဲ့ မွမ် လို့အမည်ရတဲ့ဝတ္ထုလေးကနေ ရလာတဲ့စေ့ဆော်မှုလေးဖြစ်ပြီး ဒီကော်လက်ရှင်ဟာ တိုင်းပြည်ခေတ်မီတိုးတက်အောင် တံခါးဖွင့်ခေတ်ကာလရှိ ထိုင်းယောက်ျားသားတွေရဲ့ပုံရိပ်ကို ဖော်ဆောင်ပါတယ်။ ဒီကော်လက်ရှင်ဟာ သမားရိုးကျ အောက်စဖို့ရှပ် အပေါ်မှာ ဘလေဇာကတ်ပုံစံအုပ်ပြီး သစ်လွင်အရောင်စုံတဲ့ဘောင်းဘီတွဲထားတဲ့ ထိုင်းခေတ်ပြိုင်အရောအနှောလက်ရာ ဖြစ်ပါတယ်။ ကျွန်မအတွက်တော့ ဒီကော်လက်ရှင်ဟာ ၎င်းရဲ့အမှတ်တံဆိပ်ကနေ ထိုင်းဆိုတာကို ဖော်ဆောင်ပေးနိုင်တဲ့ အများနှင့်မတူ လုံးဝကွဲပြား အထက်တန်းကျတဲ့ ဂန္တ၀င်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ထိုင်းဖက်ရှင်လုပ်ငန်းရဲ့ အားသာချက်တွေက ဘာလဲ။
လုပ်ငန်းဂဏ္ဌဆိုင်ရာ အရင်းအမြစ်အပြင် ကျွန်မတို့မှာ ပါရမီရှိပြီး ကျွမ်းကျင်တဲ့စွမ်းရည်ရှိသူတွေ ရှိနေပါတယ်။ ထိုင်းဒီဇိုင်နာ အထူးသဖြင့် ဒီလောကထဲအသစ်ဝင်ရောက်လာတဲ့သူတွေဟာ သူတို့ရဲ့အိုင်ဒီယာနှင့် ဖန်တီးမှုစွမ်းရည်တွေကိုပြသဖို့ ရှက်ရွံ့မှု မရှိပါဖူး။ ဒါတွေဟာ ဒီလုပ်ငန်းဂဏ္ဌကို ကြီးထွားလာစေတဲ့ တွန်းအားတစ်ရပ်ဖြစ်ပါတယ်။

2015-2016 အတွက် ဘာတွေအစီအစဉ် ချထားသလဲ။
မကြာသေးခင်ကပဲ ပိုပြီးရင့်ကျက်တဲ့ဖောက်သည်တွေအတွက် ကျွန်မတို့ တံဆိပ်အသစ်တစ်ခု ထပ်ထုတ်လိုက်ပါတယ်။ ဒါကြောင့် လတ်တလောအစီအစဉ်ကတော့ ဒီတံဆိပ်အတွက် ဖောက်သည်အသစ်တွေကို ရှာဖွေသွားဖို့ပါ။ ဂျပန်ဖောက်သည်အ၀ယ်များကို ပိုမိုရရှိဖို့ ကျွန်မတို့ ကြိုးစားသွားမှာဖြစ်ပြီး၊ တရုတ်မိတ်ဖက်တွေနှင့်လည်း လုပ်ငန်းတွဲဖက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

အသေးစိတ်အချက်များအတွက် https://painkillerbkk.com ၌ ၀င်ရောက်လေ့လာနိုင်ပါသည်။

 

 

368745