Issue 58

 
 

ထိုင်းနိုင်ငံနှင့် ပြင်သစ်နိုင်ငံများသည့် နှစ်ပေါင်း ၁၆၀ ကြာညောင်းခဲ့ပြီဖြစ်သော သံတမန်ဆက်ဆံရေးနှင့်အတူ နောင်လာမည့် နှစ်ပေါင်းများစွာတိုင်အောင် ကတိက၀တ်ပြုထားသည့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် မိတ်ဆွေ ကောင်းများအဖြစ်ရှိနေသည်မှာ အချိန်ကာလကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ထိုင်းနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအဖြစ် ဒုတိယအကြိမ် အတည်ပြု ခန့်  အပ်ခြင်းခံရသော Gilles Garachon မှ "ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ရာဇ၀င်သမိုင်းက အရမ်းကို ကြွယ်ဝနက်ရှိုင်းပါ တယ်။ ကျွန်တောက ထိုင်းဟင်းလျာ၊ ထိုင်းလူမျိုး၊ ဘာသာစကား နဲ့ ထိုင်းနိုင်ငံရဲ့ လူနေမှုဘ၀ပုံစံကို နှစ်ခြိုက်မြတ်နိုး တယ်" ဟုဆိုပါသည်။ ၄င်းသည် ပထမအကြိမ် ထိုင်းနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးအဖြစ် ၁၉၉၉ ခုနှစ် မှ ၂၀၀၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။

Garachon မှ "ကျွန်တော်တို့ အတွက် ထိုင်းနိုင်ငံက မိတ်ဟောင်းဆွေဟောင်းကြီးပါ။ ထိုင်းနိုင်ငံက ပြင်သစ်ကို အီလက်ထရွန်နစ် နဲ့ မြင်ကွင်းနဲ့ ဆိုင်တဲ့ ပစ္စည်းကိရိယာတွေ၊ စားသောက်ကုန် နဲ့ အ၀တ်အထည်တွေ ကို တင်ပို့  သလို၊ ပြင်သစ်ကလည်း လေယာဉ်တွေ၊ ဟယ်လီကော်ပတာတွေနဲ့ ဆက်သွယ်ရေးဂြိုဟ်တုတွေလို ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေကို အဓိက တင်ပို့ ပါတယ်" ဟုပြောပြပါသည်။

၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ပြင်သစ်နိုင်ငံသို့ ကုန်စည်များတင်ပို့ ရောင်းချရသည့်တန်ဖိုးသည် ယူရို ၂ ဒသမ ၆ ဘီလီယံ ရှိခဲ့ပြီး ပြင်သစ်မှ ထိုင်းသို့ တင်ပို့ ရောင်းချသည့်တန်ဖိုးပေါင်းသည် ယူရို ၁ ဒသမ ၇၃ ဘီလီယံ ရှိခဲ့ပါ သည်။ ပြင်သစ်သံရုံး၏ပြောကြားချက်အရ ထိုင်းနိုင်ငံတွင် ပြင်သစ်ကုမ္ပဏီပေါင်း ၂၅၀ ရှိနေပြီး၊ အဓိကအားဖြင့် မော်တော်ကား၊ ဆေးဝါးပစ္စည်း နှင့် စွမ်းအင်များကဲ့သို့  သော စက်မှုလုပ်ငန်းတွင် လုပ်ကိုင်နေကြကာ လူပေါင်း ၆၄,၀၀၀ ကိုအလုပ်ခန့် အပ်ထားလျက်ရှိနေပါသည်။

ကမ္ဘာ့ဈေးကွက်တွင် ဆက်လက်ပါဝင် ယှဉ်ပြိုင်နိုင်ရန် နှစ်နိုင်ငံလုံးအတွက် အဓိကကျသည့် အကြောင်းရင်းမှာ ဆန်းသစ်ပြောင်းလဲမှုပင် ဖြစ်သည်ဟု Garachon မှယုံကြည်သည်။

၎င်းမှ "အနာဂတ်မှာ ကျွန်တော်တို့ တွေက ထိုင်းနိုင်ငံမှာ ကဏ္ဍအတော်များများနဲ့ ပတ်သက်ပြီး ရင်းနှီးမြှပ်နှံချင်ပါ တယ်။ ဇိမ်ခံပစ္စည်းတွေ၊ စားသောက်ကုန်တွေ၊ နောက်ပြီး ဆန်းသစ်ပြောင်းလဲခြင်း တွေလိုမျိုး ထုတ်လုပ်မှုလုပ်ငန်း တွေမှာပါ။ ဒါကြောင့် နှစ်နိုင်ငံလုံးက ကဏ္ဍအတော်များများမှာ အတူတကွပူးပေါင်းပြီး ဆန်းသစ်ပြောင်းလဲလာဖို့  လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ထိုင်းနိုင်ငံက တတ်ကျွမ်းပြီးဖြစ်တဲ့ လေယာဉ်၊ စားသောက်ကုန် နဲ့  အလှပြင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကဏ္ဍတွေလိုမျိုးပါ" ဟုဆိုပါသည်။

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအား သာဓကအနေဖြင့် ညွှန်းဆိုရပါလျှင် ထိုင်းသကြားထုတ်လုပ်သည့်လုပ်ငန်း ဖြစ်သည့် Mitr Phol ကိုပြရမည်ပင်။ ၄င်းသည် ပြင်သစ်ကုမ္ပဏီနှင့် လက်တွဲလျက် ၄င်း၏ထုတ်ကုန်များ ဆန်းသစ် လာစေရန်အတွက် ဆောင်ရွက်လျက်ရှိနေပါသည်။ တစ်ချိန်တည်းမှာပင် စက္ကူထုတ်လုပ်သည့် Double A မှလည်း ပြင်သစ်နိုင်ငံတွင် စက္ကူစက်ရုံကို တည်ထောင်မြှပ်နှံလျက်ရှိနေပါသည်။

"ပြင်သစ်နဲ့ ကုန်သွယ်တဲ့ ထိုင်းရဲ့ အဓိကအားသာချက်နှစ်ရပ်က ဘာတွေလဲဆိုရင်၊ ပထမအချက်အနေနဲ့  ထိုင်းနိုင်ငံ က အာဆီယံရဲ့ အလယ်ဗဟိုမှာရှိပါတယ်။ ဒုတိယအချက်အနေနဲ့ ထိုင်းစီးပွားရေးက ကဏ္ဍအမျိုးမျိုးမှာ ကြီးမားတိုး တက်လာမယ့် အလားအလာကို ဖော်ပြနေပါတယ်။ လယ်ယာစိုက်ပျိုးရေး နဲ့ စားသောက် ကုန်လုပ်ငန်း တွေက ခိုင်မာတယ်။ ၀န်ဆောင်မှုတွေက ပြီးပြည့်စုံတယ်။ နောက်ပြီး လုပ်ငန်းတွေမှာ ယှဉ်ပြိုင်မှုတွေ ရှိကြတယ်" ဟု Garachon မှဆိုပါသည်။

သံအမတ်ကြီးမှ ထိုင်းနိုင်ငံအား ဒေသကြီးအတွက် natural hub (ပင်ကိုသဘာဝ အချက်အချာနေရာ) အဖြစ်ရှုမြင် သကဲ့သို့ ၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးတက်ဖွင့်လှစ်ခြင်း နှင့် အိမ်နီးချင်းနိုင်ငံများနှင့် မီးရထားလမ်းများ ချိတ်ဆက်ဖောက်လုပ်ခြင်းများကဲ့သို့ သော ကုန်သွယ်ရေးတိုးမြင့်နိုင်မည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်နိုင်သည်ဟုလည်း ယုံကြည်နေပါသည်။

Garachon မှ "ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ နက်နက်ရှိုင်းရှိုင်းပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် ထိုင်းနိုင်ငံတစ်ခုထဲအတွက် မဟုတ်ပဲ ဒေသကြီးတစ်ခုလုံးအတွက် အကျိုးအမြတ်တွေရရှိလာနိုင်မှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အတွက် ဒီဒေသကြီးကအရမ်းကို သက်ဝင်လှုပ်ရှားနိုးကြားနေတဲ့ ဒေသကြီးတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံက အရှေ့တောင်အာရှရဲ့ ဦးစီးဦးဆောင်အဖြစ် သူ့ ရဲ့ ဗဟိုမှာရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ က ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကို တိုးမြှင့်ချင်တာပဲဖြစ်ပါတယ်" ဟုပြောပြပါသည်။

အောက်တိုဘာလတွင် ပြုလုပ်မည့် Invest in France (ပြင်သစ်နိုင်ငံတွင် ရင်းနှီးမြှပ်နှံပါ။) အစီအစဉ်အပါအ၀င် နှစ်နိုင်ငံကြား ကုန်သွယ်ရေးကို တိုးမြှင့်နိုင်ရန်အတွက် ပြင်သစ်သံရုံးမှ အခမ်းအနားပေါင်း များစွားအား စီစဉ်ကျင်းပ လျက်ရှိပါသည်။ ထိုင်းနိုင်ငံ၏ Joint Standing ကော်မတီ၊ Franco-Thai ကုန်သည်ကြီးများအသင်း တို့ နှင့် ပူးတွဲကျင်းပမည့် အစီအစဉ်တွင် တက်ရောက်လာသူများမှ နှစ်နိုင်ငံကြားရှိ စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကို ဆွေးနွေးပြောဆိုကြမည်ဖြစ်ပါသည်။

၎င်းမှ "ပြင်သစ်နိုင်ငံရဲ့ သံအမတ်တစ်ယောက်အနေနဲ့  နှစ်နိုင်ငံကြား ဒီထက်ပိုပြီး နီးနီးကပ်ကပ် အလုပ်လုပ်နိုင်ဖို့  အတွက် အပြု သဘောဆောင်တဲ့ ကူးလူးဆက်ဆံရေးကို ဖန်တီးဖော်ဆောင်ချင်ပါတယ်။ ကျွန်တော်တို့  ဒီမှာ ရောက်ရှိနေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ဆောင်ရမယ့်အရာတွေက အများကြီးရှိနေပါသေးတယ်" ဟုဆိုပါသည်။

Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

366793